Saturday, December 26, 2009

သိပ်ချစ်သည်မှာ မှန်သော်ငြားလည်း ...

"ချစ်တယ်"...
ဒါ လွယ်ပါတယ်နော်... ဒီလိုလေး ပြောတတ်ဖို့ဆိုတာ...
"ချစ်တယ်" ဆိုတဲ့ စကား လူပြောများမယ် ထင်ပါတယ်...
ကဲ ... "နားလည်တယ်" ... ဒီစကားကော... "ချစ်တယ်" လောက်တော့ လူတွေ သိပ်တွင်တွင်ကျယ်ကျယ် မသုံးကြဘူးလိုပဲ...
တကယ်တမ်းသေသေချာချာ စဉ်းစားကြည့်ရင် "နားလည်တယ်" ဆိုတာ "ချစ်တယ်" ဆိုတာထက် ပို အဓိက ကျ အရေးပါပေမယ့် ဘာလို့ လူပြောမများကြတာလဲ... ဘာလို့ သီချင်းစာသားတွေ၊ ကဗျာတွေ၊ ရုပ်ရှင်တွေ ၊ ဝတ္တုတွေထဲမှာ "ချစ်တယ်" လောက် တွင်တွင်ကျယ်ကျယ် မသုံးကြတာလဲ...

တချို့က လက်ထဲက လွတ်ထွက်သွားမှာစိုးလို့ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားကြတယ်။ အဲ့ဒါကြောင့်ကို ဆုံးရှုံးသွားတတ်ကြတယ်။

အေးမြတဲ့ မေတ္တာ တစ်ခု ဘယ်လိုပေးမလဲ
ကိုယ့် စိတ်ကူးပေါ့နော်
ငယ်ငယ်က ကလေးတွေ လမ်းလေးတောက်တောက် တောက်တောက်နဲ့ စလျှောက် စပြေးတတ်တဲ့အချိန်မှာ...
မိဘတွေဟာ ကလေးကို ချီထားလို့လဲ မရပါဘူး
ကောက်ချီတာနဲ့ ကော့ ၊ ကန် ပြီး ဆင်းချင်လို့ ဆန္ဒပြ ငိုတော့တာပါပဲ
အဲဒီတော့ အဲဒီကလေးကို ဒီလိုပဲ ချော်လဲမှာ စိတ်ပူတဲ့ကြားက သူ့ကို လွှတ်ပေးထားရတော့တာပါပဲ
စိတ်ပူလို့ မိဘက အနောက်ကနေ ကုန်းကုန်း ကုန်းကုန်းနဲ့ ခါးချိအောင် လိုက်ရတော့တာပါပဲ
သူ့ကို ချော်မလဲအောင် ဘေးကနေ ထိန်းပေးမယ်
နောက် ချော်လဲခဲ့ရင်လည်း ပြေးထူပေးမယ်
ဒီလိုပဲ လုပ်ရတော့တာပါပဲ ...
ကလေးကို ချော်လဲမှာ စိုးလို့ မကစားရဘူး ၊ မပြေးရဘူးရယ်လို့ ဘယ်မိဘတွေကမှ ချုပ်နှောင်ထားတာမျိုး မရှိပါဘူး

ကဲ ... နောက် ကိုယ်တို့ လူကြီး တစ်ယောက် အစားထိုး စဉ်းစားကြည့်ကြရအောင်
ကိုယ်ထင်တယ်... လူကို ချုပ်နှောင်လို့ မရနိုင်ပါဘူး
ကိုယ်တို့ချစ်တဲ့သူကို ကိုယ်တို့ စိတ်ပူကောင်း ပူလိမ့်မယ်။
သူ မှားသွားမှာ... နစ်နာသွားမှာ... ရှုံးသွားမှာ... ခံလိုက်ရမှာ...
ဒါပေမယ့် ကိုယ် ဒီလို စိတ်ပူလို့ သူ့ကို ဒါမလုပ်နဲ့... "ငါ မလုပ်နဲ့ဆိုတာကို နင်က ဆက်လုပ်ရအောင် ဘာလဲ ငါက အရေးမပါဘူးလား
သူက ဘယ်လောက် အရေးပါနေလို့လဲ"... အဲ့လိုတွေ ပြဿနာ ဖြစ်တော့တာပဲ...
အမှန်တော့ ကိုယ်တို့ ဘာမှ မတတ်နိုင်ပါဘူး
သူ့ဘဝကို သူပဲ ပိုင်တာပါ။ ကိုယ့်ဘဝကို ကိုယ်ပဲ ပိုင်တာပါ။ အပြင်လူတစ်ယောက်က ဘေးကနေ "ဒါလုပ်ရင် ဒါတွေ ဖြစ်နိုင်ချေရှိတယ်" လို့ ဘေးကနေ အကြံပေးပိုင်ခွင့်လောက်ပဲ ရှိကြတာပါ။
အဲတော့ သူ့ကို ကိုယ် ဘေးကနေ အကြံပေးပြီး သူ့ကို ကိုယ်တို့ ချော်လဲတဲ့အခါ တွဲထူပေးဖို့ပဲ ရှိတော့တာပေါ့...

သူ သူ့ဆန္ဒ အတိုင်း ဘဝ ကစားကွင်းပေါ်မှာ တောက်တောက် တောက်တောက်နဲ့ ပြေးဆော့နေပါစေ...
သူ ချော်လဲမှာ စိုးလို့ သူ့ကို ကောက်ချီပြီး ချုပ်ထားရင် သူ ဘယ်ပျော်နိုင်ပါတော့မလဲ...
ကိုယ်တို့ သူချော်မလဲ စေဖို့ရယ်... သူချော်လဲတဲ့ အခါ တွဲထူဖို့ရယ် လောက်ပဲ ဘေးကနေ ဂရုတစိုက် စောင့်ကြည့်ပေးနေရုံပဲ
ရှိတော့တာပေါ့...

ကိုယ်ပြောချင်တာ ဒီ ချစ်ပုံချစ်နည်း က "သမီးရည်းစား" မှာမှ မဟုတ်ပါဘူး
မိဘနဲ့ သားသမီးကြား၊ သားသမီးနဲ့ မိဘကြား၊ ညီအစ်ကို မောင်နှမ သူငယ်ချင်းကြား ...အားလုံးအကျုံးဝင်မယ်လို့ ယူဆပါတယ်။

ကိုယ် ကြုံဖူးတဲ့ သူငယ်ချင်းတစ်ယောက်အကြောင်း သတိရလို့ ပြောပြချင်ပါတယ်။
ကိုယ့်သူငယ်ချင်းက စာတော်တယ်။ သူ့ကိုဆို ကိုယ်တို့တွေ ဆယ်တန်းအောင်တာနဲ့ ယောင်္ကျားနောက်လိုက်ပြေးလိမ့်မယ်လို့ ဘယ်လိုမှကို ထင်မထားကြတာပါ။
ဒါပေမယ့် သူ့မေမေရဲ့ စိတ်ပူတာ ၊ ချစ်တာတွေက သူ့ကို ယောင်္ကျားနောက်လိုက်ဖြစ်အောင် တွန်းအားပေးခဲ့တယ်လို့ ကိုယ်မြင်ပါတယ်။
သူ ဆယ်တန်းအောင်တော့ ဆယ်တန်း study guide လုပ်တယ်။
သူ သူ့အလုပ်ကိစ္စနဲ့ စာသင်သွားရတာတွေ ရှိတယ်။
ဒါပေမယ့် အပြင်က ပြန်ရောက်တဲ့ အခါ တခါတလေ သူ့မေမေက မယုံလို့ သူ့ကို ကျိန်ခိုင်းတာ ၊ ဘုရားစင်ကနေ သစ္စာရေ သောက်ခိုင်းတာမျိုးတွေအထိ လုပ်တယ်။

ကိုယ်က သမီးနဲ့ကော အမေနဲ့ပါ ရင်းနှီးနေသူဆိုတော့ နှစ်ယောက်စလုံးရဲ့ နှစ်ဖက် စကားကို ကြားရတဲ့သူပါ။

ပထမဆုံး ကိုယ့်သူငယ်ချင်း အမြင်ဘက်ကနေ ပြောပြပါ့မယ်။
သူ့စိတ်က သနားတတ်တယ်။ ကောင်လေးက တကောက်ကောက်နဲ့ နေပူပူ မိုးရွာရွာ တောက်လျှောက် လိုက်နေတော့ မိုးရွာထဲမှာ ချောင်းတဟွတ်ဟွတ်နဲ့ ရပ်နေတတ်တဲ့ ကောင်လေးကို သူသနားရာက ချစ်ဖြစ်သွားတာပါ။ ဒါပေမယ့် ဘယ်လိုမှ မဖြစ်နိုင်တဲ့ သူတို့ background ရှိတယ်။ ကောင်မလေးဘက်က ပညာရေးဦးစားပေးတဲ့ တကယ့် educated အသိုင်းအဝိုင်း၊ ကောင်လေးက ဆယ်တန်းတောင် မအောင်ဘူး။ ဘာအလုပ်အကိုင်မှ မရှိဘဲ မိဘပေါ်မှီခိုနေရသေးတဲ့သူ။ အကယ် ၍ ဘာပယောဂမှ ဝင်ရောက်တွန်းအားပေးတာမျိုး မရှိခဲ့ရင် သူ အဲ့ဒီကောင်လေးနောက် လိုက်ဖြစ်ခဲ့မှာ မဟုတ်ပါဘူး။
ခု ၆ နှစ်လောက်နေပြီးတော့ သူတို့ ကွဲသွားကြပါပြီ။ ဒီနေရာမှာ သူ့ကို တစ်ခု ကိုယ်ချီးကျူးတာ သူကလေး မယူတာပါပဲ။
သူ စကတည်းက သူတို့ အမြဲဆက်တွဲဖို့ မသေချာတာ သူမှန်းဆမိလို့ ကလေးတွေ ဆက်ဒုက္ခ မရောက်စေချင်လို့ သူကလေးမယူခဲ့တာပါ။

သူ့မေမေရဲ့ ခံစားတဲ့ ဘက်ကနေ ပြောရရင် ... သူ့မေမေ ကိုယ့်ကို ပြောတော့ မျက်ရည်တွေ ဝဲနေခဲ့တယ်။
သူ သူ့သမီးကို တော်တော်လေးမျှော်လင့်ထားခဲ့တယ်။ သမီး နှစ်ယောက်တည်းရှိတာမှာ သူက အကြီးလည်း ဖြစ်တယ်။
သူ သူ့သမီးကို သိပ်ချစ်တာပါပဲ တဲ့။
အားငယ်ဝမ်းနည်းပြီး ငိုနေတဲ့သူတစ်ယောက်ကို ကိုယ် စိတ်သက်သာရာ ရအောင် ငြိမ်ငြိမ်လေးပဲ နားထောင်ပေးနေလိုက်တယ်။
အမှန်တော့ သူ့ရဲ့ ချုပ်ခြယ်တဲ့ တွန်းအားကြောင့် သူ့သမီး ယောင်္ကျားနောက်လိုက်ဖြစ်သွားတာကို ကိုယ် အဲ့လို အချိန်မျိုးမှာ အပြစ်ထပ် မတင်ချင်တော့ဘူး။

နောက်လူတွေမှာ မကောင်းတဲ့ စရိုက်တစ်ခုရှိပါတယ်။ အဲ့ဒါက မလုပ်နဲ့ဆို ပိုလုပ်ချင်တာမျိုးပါ။

နောက် မိဘ ကျတော့ ပညာသားပါတယ်။ သူက မလုပ်ရဘူးလို့ တည့်တည့်မပြောဘူး။
မသိချင်ယောင်ဆောင်နေလိုက်တယ်။ သမီးရယ် ဘာဘွဲ့ကို ဆက်ယူပါလား။ ဒီဘွဲ့က ရခဲတယ်။ နောက်မှ သမီး နောင်တရမယ်။
ဒီဘွဲ့လေးတော့ အဖေတို့ အမေတို့တွေ ငါ့သမီးကို ရစေချင်တယ်... အဲ့ဒီလို ချော့ပြောပြီး မသိမသာနဲ့ ကောင်လေးနဲ့ ဝေးတဲ့နေရာကို ၃ နှစ်လောက် ပို့လိုက်တာပါ။ တကယ်လည်း အနေဝေးသွားတော့ သူတို့ ဆက်မတွဲဖြစ်တော့ပါဘူး။

အဲ့လို အနေဝေးတဲ့အခါမှာ ကလေးတွေ နေရာက ပြောရရင် ဒါဟာ ရုပ်ရှင်တစ်ကားလိုပဲ ဇာတ်ရှိန် အမြင့်ဆုံး အပိုင်း ဖြစ်လိမ့်မယ်ထင်တယ်။

သူငယ်ချင်းတစ်ယောက်ပြောဖူးတယ်။ ဒါဟာ စိတ်ပဲတဲ့။ သူ စစခွဲခြင်းတုန်းက သူ ဒီ မိန်းကလေး ကို တကယ်ချစ်နေပြီ..ဒီ မိန်းကလေး မရှိရင် သူမနေတတ်တော့ဘူး လို့ကို ယုံကြည်တဲ့ အထိကို သူ့စိတ်က ယိုင်သွားခဲ့တယ်။ အဲ့ဒီ အမြင့်ဆုံး အချိန်လေးမှာပဲ သူအရှုံးပေးပြီး ပြန်သွားခဲ့ရင် သူ ဒီလူကို တကယ်ချစ်တာနဲ့ပဲ ဇာတ်က ဆုံးသွားမယ်။ ဒါပေမယ့် အဲ့လိုအချိန်မျိုးမှာ သူ သူ့စိတ်ကို သက်သက်နေရာတွေ ရွှေ့ပစ်ခဲ့တယ်။ ဆူဆူညံညံ သီချင်းမျိုးတွေ နားထောင်တာ၊ ရုပ်ရှင်ထွက်ကြည့်တာ၊ သူငယ်ချင်းတွေနဲ့လျောက်သွား လျောက်စားတွေ လုပ်လိုက်တယ်။ နောက်ပိုင်းအဲ့ဒီအချိန်ကို ကျော်သွားတော့ "ဒါ ဘာမှ မဟုတ်ပါလား" ဆိုတဲ့ အသိတစ်ခု သူရခဲ့တယ်တဲ့။

အချစ်က ဆန်းတယ်။ လူတွေက ကိုင်တွယ်ရ ခက်တယ်။ လူတွေရဲ့ စိတ်ကလည်း နက်နဲတယ်။
တခါတခါ ကိုယ့်ကိုယ်ကိုတောင် ဘာဖြစ်နေတာလဲ ဆိုတဲ့ အဖြေ တိတိကျကျ ရှာရခက်တယ်။
ဘာပဲ ဖြစ်ဖြစ်ပေါ့လေ ... ချစ်တဲ့သူကော ၊ အချစ်ခံရတဲ့သူပါ နှစ်ဦး နှစ်ဖက် အေးမြတဲ့ ချစ်ခြင်းမျိုး ရှိရင် တော်တော်လေး ကောင်းလိမ့်မယ်နော်။

Sunday, December 20, 2009

မင်း လာမယ်ဆိုတာ ငါ သိတယ်

ငယ်ငယ်ကတည်းက ကျောင်းနေဖက် ၊ ကောလိပ်တက်တော့လည်း အတူတူ ... ကျောင်းပြီးလို့ စစ်မှုထမ်းရတော့လည်း အတူတူ ... ငယ်ပေါင်းကြီးဖော် သူငယ်ချင်း နှစ်ယောက်ရှိတယ်။ စစ်မှုထမ်းလို့ စစ်ထွက်တိုက်ရတဲ့ အခါကျတော့လည်း သူတို့အုပ်စုတစ်ခုတည်းမှာပဲ အတူတူ တာဝန်ကျတယ်။ တစ်ညတော့ သူတို့ မထင်မှတ်ပဲ တိုက်ခိုက်ခံရတယ်။

ကျည်ဆံတွေ နေရာတကာ ပလူပျံနေတဲ့ အချိန်မှာ အသံတစ်သံ အမှောင်ထဲကနေ ထွက်ပေါ်လာတယ်။
"ဟယ်ရီ...ငါ့ကို လာကယ်ပါကွာ"

ငယ်သူငယ်ချင်း ဘေးလ် ရဲ့ အသံဆိုတာ ကြားလိုက်တာနဲ့ ဟယ်ရီချက်ချင်း သိလိုက်တယ်။
ဟယ်ရီ ကပ္ပတိန်ဆီကနေ သွားခွင့်တောင်းတော့ ... ကပ္ပတိန်က " မင်းကို ငါ ပေးမသွားနိုင်ဘူး။ ခုချိန်မှာ ငါတို့အားနည်းနေတယ်။ နောက်ထပ် တပ်သားတစ်ယောက် ငါ ထပ်အဆုံးရှုံး မခံနိင်ဘူး။ ပြီးတော့ ဘေးလ် အသံကို ကြည့်ရတာ သူအသက်ဆက်ရှင်နိုင်မှာ မဟုတ်ဘူး" ။ ဟယ်ရီ ငြိမ်နေလိုက်တယ်။

နောက်ထပ် အသံထပ်ထွက်လာတယ်။ "ဟယ်ရီ..ငါ့ကို လာကယ်ပါကွာ"
ကပ္ပတိန်က သွားခွင့် မပြုထားတာကြောင့် ဟယ်ရီ ငြိမ်နေလိုက်တယ်။

အသံက ထပ်ခါ ထပ်ခါ ထွက်ပေါ်နေဆဲပဲ...

ဟယ်ရီ ဘယ်လိုမှ နောက်ထပ် သူ့ကိုယ်သူ ဆက်ပြီး ထိန်းချုပ်လို့ မရတော့ဘူး။
"ကပ္ပတိန် ...ဒါ ကျွန်တော့် ငယ်သူငယ်ချင်း ... ကျွန်တော် သွားကို ကယ်ရမယ်" လို့ သူ ကပ္ပတိန်ကို လှမ်းပြောလိုက်တယ်။
နောက်ဆုံးတော့ ကပ္ပတိန်လည်း သွားခွင့်ပြုလိုက်ရတယ်။
ဟယ်ရီဟာ အမှောင်ထဲမှာ တွားသွားပြီး ဘေးလ်ကို သူ ရအောင်ဆွဲသယ်လာခဲ့ပေမယ့် ဘေးလ်ဟာ အသက်မရှိတော့ဘူး။

ကပ္ပတိန်ဟာ ဒေါသတကြီးနဲ့ ဟယ်ရီကို " သူ အသက်မရှင်နိုင်တော့ဘူးလို့ မင်းကိုငါ မပြောခဲ့ဘူးလား။ သူ သေနေပြီ။ မင်းပါ သေသွားနိုင်တယ်။ ငါလည်း တပ်သားတစ်ယောက် လျော့သွားနိုင်တယ်။ ဒါ အမှားပဲ။ မလုပ်သင့်တဲ့ အမှားပဲ" လို့ အော်ဟစ်ဆူပူတယ်။

ဟယ်ရီ အေးအေးဆေးဆေး ကပ္ပတိန်ကို ပြန်ပြောလိုက်တာက ...
"ကပ္ပတိန်... ကျွန်တော် မှန်တာကို လုပ်ခဲ့တာပါ။ ကျွန်တော် ဘေးလ် အနားကိုရောက်တော့ သူ အသက်ရှင်နေပါသေးတယ်။
သူ့ နောက်ဆုံးစကားက "ဟယ်ရီ... မင်း လာမယ်ဆိုတာ ငါ သိတယ်"...

(ကိုယ်တို့ ဘဝထဲမှာကော အဲ့လို သူငယ်ချင်း ဘယ်နှစ်ယောက်ရှိသလဲ...ကိုယ်ကော ဘယ်လို သူငယ်ချင်းမျိုးလဲ...)

သူငယ်ချင်းဆိုတာ ဘာလဲ? ခန္ဓာကိုယ် နှစ်ခုမှာ တွဲခိုနေတဲ့ စိတ်ဝိညာဉ် တစ်ခုပါပဲ ...

Tuesday, December 15, 2009

မသိစိတ်၌ တွဲခိုနေသော လွမ်းခြင်း

လူဆိုတာ ငယ်ငယ်လေး ကလေး ဘဝကတည်းကိုက လက်သာတဲ့သူနောက် လိုက်တတ်တာမျိုးပါ။ ဒါတွေဟာ ကြီးပြင်းလာလို့ လူကြီးတစ်ယောက်ဖြစ်လာတဲ့အချိန်အထိ ကလေးဘဝကလောက် မသိသာ မထင်ရှားတော့ပေမယ့် တကယ်တမ်းတော့ ဒီအလေ့အကျင့်တွေဟာ ခိုအောင်းနေတုန်းပါပဲ။

ကိုယ် အိမ်နဲ့ဝေးပြီးနောက် သူများတွေလို ၁ နှစ်ကျော်တဲ့အချိန်မှာ အိမ်မပြန်ခဲ့ဘူး။ ကိုယ့်မေမေက အရမ်းစိတ်ပူတတ်တာကြောင့် ကိုယ် အဆင်မပြေတဲ့အခိုက်မှာ အိမ်မပြန်ချင်ခဲ့ဘူး။ နောက် လူဆိုတာ အရှိန်တစ်ခုနဲ့ဆက်သွားနေတာ ပိုကောင်းလိမ့်မယ်လို့ ကိုယ်ထင်တယ်။ အဆင်မပြေတဲ့အချိန် ကိုယ် အိမ်ပြန်ခဲ့ရင် သေချာပါတယ်...ကိုယ် နိုင်ငံခြားကို ပြန်လာဖို့  အချိန်ပြန်ရောက်တဲ့အခါ မင်္ဂလာဒုံလေဆိပ်မှာ တိုင်လုံးကြီးဖက်ပြီးတော့ ငယ်ငယ်က ကျောင်းမသွားချင်ခဲ့သလို ခြေစုံကန်ပြီး ပေကပ်ငိုနေမိမှာ။ အမေကို စိတ်မကောင်းဖြစ်ပြီး စိတ်ပူပြီး မကျန်ခဲ့ စေချင်ဘူး။ ပထမအကြိမ် စခွဲပြီး ထွက်လာကတည်းက ကိုယ်သိပ်ချစ်တဲ့သူတွေကို နှုတ်ဆက်တဲ့ စကား ပြောမထွက်ခဲ့ဘူး။ တခါတရံမှာ အပြုအမူ တချို့  ကို ကြည့်ပြီး အဲ့ဒီလူရဲ့ စိတ်ခံစားချက်ကို တိုက်ရိုက်မှန်းဆလို့ မရနိုင်ပါဘူး။ တချို့စကားတွေဟာ ထုတ်မပြောဘဲ သိမ်းထားရတာ ပိုပြီး လေးနက်သလို ခံစားရပါတယ်။ နောက် အရမ်းလေးလေးနက်နက်ရှိတဲ့ အခါမျိုးမှာလည်း နှိုင်းယှဉ် ပြောပြစရာ စကားလုံး ရှာမတွေ့ဘဲ တစ်ဆို့ နေတာမျိုးလည်း ဖြစ်တတ်ပါတယ်။

မသိစိတ်ထဲမှာ အိမ်ကို လွမ်းနေတယ်။ ကိုယ့်သူငယ်ချင်းတွေ အိမ်ပြန်ကြတော့ ကိုယ် မပြန်ချင်ခဲ့ဘူး။ ဒါပေမယ့် ညအိပ်တဲ့အခါ ကိုယ် အိမ်ပြန်တယ်လို့ အိပ်မက်မက်တယ်။ အိပ်မက်ထဲမှာ အရင် အပြင်မှာလိုပဲ ကိုယ် အိမ်အတွက် လက်ရွေးစင်က ပူတင်းတွေ၊ တရုတ်တန်းက ဝက်သားကောက်ညှင်းထုပ်တွေ ဝယ်တယ်တဲ့။ အိပ်မက်ကနေ အိပ်နှိုးတဝက်နဲ့ ကိုယ်နှိုးလာတော့ ပထမဆုံးမြင်လိုက်ရတဲ့ မြင်ကွင်းကနေ ကိုယ့်အိမ်မဟုတ်ပါလား ဆိုတဲ့ အသိတစ်ခုဟာ အိပ်နှိုးတဝက် ဖြစ်နေတဲ့ အချိန်မှာ တော်တော်လေး စိတ်ထိခိုက်စရာ ကောင်းခဲ့တယ်။

တစ်ရက် ကိုယ် နေ့ခင်းခဏအိပ်ပျော်သွားတုန်း အိမ်ရှင် အမျိုးသမီးက သူ့ကလေးကို လှမ်းခေါ်လိုက်တယ်။ အိပ်နိုးတဝက်ဖြစ်နေတဲ့ ကိုယ့်စိတ်က ကိုယ့်အိမ်မှာ ကိုယ်အိပ်နေတုန်း မေမေလှမ်းခေါ်လိုက်တယ် အထင်နဲ့ ကောက်ကာငင်ကာ ကိုယ် ငုတ်တုတ်ထထိုင်မိတယ်။ ပထမဦးဆုံး ကိုယ့်အမြင်ထဲရောက်လာတဲ့ အခန်း...နောက်တော့သိစိတ်..." ဩော်..ဒါ ငါ့အိမ်မှ မဟုတ်ဘဲ" လို့ ...အဲ့ဒီလို သိလိုက်တဲ့အချိန်မှာ ဘာမှ ရေရေရာရာ အကြောင်းပြချက် မရှိဘဲ ကိုယ်ဝမ်းနည်းရပြန်တယ်။

ကိုယ်တို့ မိသားစုလေးမှာ ဒီမိဘကပဲ ဒီကလေးတွေ မွေးပေမယ့် ကိုယ်နဲ့ နောင်တော်ကြီး ကွာတယ်။ ကိုယ်က ဘယ်အချိန်ပြန်လာမယ်ပြောထားရင် အဲ့ဒီအချိန် အမှီရောက်အောင်ပြန်တယ်။ မပြန်နိုင်ရင်လည်း ဖုန်းဆက်ပြောတယ်။ နောင်တော်ကြီးကျ သူလုပ်ချင်ရာ သူလုပ်ပြီး နောက် အဆူခံရတဲ့ အခါ ဖက်တာ နမ်းတာတွေ သူကပိုင်တယ်။ အဲ့ဒီအခါ မေမေက "သွား..ခွေးကောင်" ဆိုပြီး ခဏလေးနဲ့စိတ်ပြေသွားကော။ ကိုယ်ကကျတော့ အဆူခံရတဲ့ အခါ ဘာမှ ပြန်မပြောဘဲ ရုပ်တည်ကြီးနဲ့ ထိုင်နေတော့ ပိုပြီး ကြာကြာအဆူခံရတတ်တယ်။

နောက် ကိုယ်တို့ မိသားစုမှာ တစ်ခုရှိတာက မိဘကဆူရင် အဲ့ဒီဆူနေတဲ့ အချိန် မှန်မှန်မှားမှားပြန်ဖြေရှင်းခွင့် မရှိဘူး။ ပြန်ဖြေရှင်းရင် လူကြီးကို ပြန်ခံပြောတဲ့အမှုနဲ့ ပိုဆိုးကော။ အဲ့ဒီလိုအချိန်မျိုးမှာ မှန်မှန်မှားမှား ငြိမ်ခံနေရတယ်။ နောက်လူကြီးတွေ စိတ်ပြေလောက်မှ (၂ ရက် ၊ ၃ ရက် ၊ တစ်ပတ်ပေါ့) အကျိုး အကြောင်းကို အေးအေးဆေးဆေး ပြန်ပြောပြခွင့်ရတယ်။

နောက် ကိုယ့်မှာ အကျင့်တစ်ခုရှိတာက ကိုယ် တစ်ယောက်တည်း အပြင်မှာ အသစ်အဆန်းစားတာပဲဖြစ်ဖြစ် ၊ အစားကောင်း အသောက်ကောင်းစားရတဲ့ အခါမျိုးမှာပဲဖြစ်ဖြစ် တစ်ယောက်တည်း ကွက်စားရတာ အပြစ်ရှိသလို ခံစားရတယ်။ ကိုယ်က ရုပ်ရှင်တွေ ကြည့်ကြည့်ပြီး ရုပ်ရှင်ထဲက ဟာတွေလည်း ရှာရှာစားတတ်တယ်။ အထူးသဖြင့် ကိုးရီးယားစာမျိုးတွေပေါ့။ အဲ့လိုမျိုးကျ အိမ်အတွက် ဝယ်သွားရင် "ဒါကို ဒီဈေး ပေးဝယ်လာရသလား" ဆိုပြီး အမြဲ အဆူခံရတယ်။ အဖေက အမြဲ တန်၊ မတန်ကို ကြေးအိုးနဲ့တိုင်းတာတယ်။ "ဒါစားမယ့် အစား ကြေးအိုးသွားစားရင် ဘယ်နှစ်ပွဲ...ဘာ..ညာ..ဒါကြီးက မတန်ပါဘူး" ဆိုပြီး အပြောခံရတော့တာပဲ။ အမှန်တော့ ကိုယ်ကလည်း သူများတကာတွေ သိတဲ့အချိန်မှာ ကိုယ့်မိဘတွေ မသိဘဲ ကျန်ခဲ့မှာ စိုးလို့  အကောင်းနဲ့ မိတ်ဆက်ပေးတာပါ။ ဒါ ဘာခေါ်တယ်။ ဘယ်ကိုရီးယားကားထဲမှာ ဘယ်သူစားတာဆိုပြီးတော့ပေါ့။

အခုတော့ ... အဲ့ဒီလိုမျိုးတွေလည်း နီးနီးကပ်ကပ် နေခွင့်မရတော့ လုပ်ခွင့်မရှိတော့ဘူးပေါ့။

Thursday, November 19, 2009

Self Confidence

ကိုယ့်ကိုယ်ကို ယုံကြည်မှု ချို့ တဲ့နေရှာတဲ့ ကြွက်ငယ်လေး တစ်ကောင်ဟာ သူ့ ကိုယ်သူ အစွမ်းအစ မရှိဘူး ၊ သူ့ ကို ဘယ်သူကမှ မနှစ်သက်ဘူး ၊ မလေးစားကြဘူးလို့  ယုံကြည်ပြီး သေဖို့ ကိုပဲ တောင့်တနေခဲ့တယ်။

တနေ့ တော့ ဘုရားသခင်နဲ့ သူထိုင်ပြီး စကားအေးအေးဆေးဆေး ပြောခွင့်ရခဲ့တယ်။

ကြွက်ကလေး : ကျွန်တော့ကို ဘယ်သူကမှ မနှစ်သက်ကြဘူးဗျာ.. ကျွန်တော့မှာ ဘာခွန်အားမှ ကြီးကြီးမားမား မရှိဘူး။ ဆက်ပြီးတောင် အသက်မရှင်ချင်တော့ပါဘူးဗျာ။

ဘုရားသခင်: မင်းဟာ တကယ်တော့ ဒီကမ္ဘာမှာ အသန်မာဆုံးသူတစ်ယောက်ပါ။

ကြွက်ကလေး : ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ?

ဘုရားသခင် : မင်းဟာ "ည" ထက်တောင် ပိုသန်မာပါသေးတယ်။

ကြွက်ကလေး : ကျွန်တော် နားလည်နိုင်အောင် ဒီ့ထက် ပိုရှင်းပြပေးပါလား။

ဘုရားသခင်: ဘာကြောင့်လဲ ဆိုတော့ " နေမင်းကြီး" ထွက်ပေါ်လာတဲ့အခါ ည ဟာ ပျောက်ကွယ်ရတာပဲ မဟုတ်လား။ ပြီးတော့ မင်းဟာ အဲ့ဒီ "နေမင်းကြီး"ထက်တောင် ပိုသန်မာပါသေးတယ်။

ကြွက်ကလေး : ဘယ်လိုရယ် ?

ဘုရားသခင် : ဘာကြောင့်လဲ ဆိုတော့ "မိုးတိမ်" တွေ ဖုံးသွားတဲ့အခါ " နေမင်းကြီး"လည်း ပျောက်ကွယ်ရတာပဲလေ။ ပြီးတော့ မင်းဟာ အဲ့ဒီ "မိုးတိမ်" တွေထက်တောင် ပိုသန်မာပါသေးတယ်။

ကြွက်ကလေး : ကျွန်တော် နားမလည်သေးဘူး။

ဘုရားသခင် : ဘာကြောင့်လဲဆိုတော့ " လေ " တွေ တိုက်ခတ်လိုက်တဲ့အခါကျရင် အဲ့ဒီ"မိုးတိမ်" တွေလည်း လွင့်ပါးပျောက်ကွယ်သွားရတာပဲ မဟုတ်လား။

ကြွက်ကလေးဟာ ဘုရားသခင် ဘာကိုဆိုလိုပြီး ပြောနေတယ်ဆိုတဲ့ သဘောတရားကို နားမလည်စွာနဲ့ ပဲ နားစွင့်နေခိုက်...

ဘုရားသခင်က ဆက်ပြောပါတယ်...

ဒါပေမယ့် အဲဒီ " လေ" က မင်းနောက်မှာ ရှိနေတဲ့ အဲ့ဒီ မျှော်စင်ကြီးကိုတော့ နည်းနည်းလေးတောင် ရွှေ့ သွားအောင် မလှုပ်နိုင်ပါဘူးကွာ။
အဲ့ဒီ မျှော်စင်ကို ရွှေ့ သွားအောင် တစ်ယောက်တော့ လှုပ်နိုင်တယ်။ မင်းပဲပေါ့။

ကြွက်ကလေးဟာ သူ့ နောက်မှာ ရှိနေတဲ့ မျှော်စင် အကြီးကြီးကို တစ်ချက်မော့ကြည့်လိုက်ပြီး ဆက်မေးပြန်ပါတယ်။
" ဘယ်လိုလုပ် ကျွန်တော်ဟာ အသန်မာဆုံးသူဖြစ်တယ်ဆိုတာကို ဆက်ရှင်းပြပေးပါဦး "

ဒီမျှော်စင်ကြီးကို ပျောက်ကွယ်သွားအောင် နေမင်းကြီးကော၊ လေကော၊ မိုးတိမ်ကော၊ ညကော မစွမ်းနိုင်ပါဘူး။
ဒါပေမယ့် ကြွက်ကလေး... မင်း တတ်နိုင်ပါတယ်ကွာ...
ဒီမျှော်စင်ကြီး အောက်ခြေကို မင်း ရိုးရိုးလေး တူးဆွလိုက်ရုံနဲ့  ဒီမျှော်စင်ကြီး ပြိုလဲ သွားတဲ့အထိ မင်း စွမ်းပါတယ်။

( Story from a Christian newspaper)

အရည်အချင်း ၊ အစွမ်းအစ ၊ တန်ခိုး အင်အားတွေဆိုတာဟာ ကိုယ့်ဆီမှာပဲ ရှိနေပါတယ်။ ကိုယ့်စိတ်ထဲမှာ ၊ ကိုယ့်ကိုယ်ထဲမှာပဲ ရှိနေပါတယ်။
ကိုယ့် အားနည်းချက်ကိုပဲ မြင်ပြီး ကိုယ့် အစွမ်းအစကို ကိုယ်ကိုယ်တိုင် မြင်အောင် မကြည့်တတ်ရင်တော့ အမြဲပဲ အားနည်း ၊ အားငယ်နေရမှာပါပဲ။
ကိုယ့်ဆီမှာ ရှိတဲ့ ကိုယ့်ရဲ့ အားသာချက်တွေကို မြင်အောင်ကြည့်ပြီး ကိုယ့်ကိုယ်ကို ခွန်အားအကြီးဆုံးသူတစ်ယောက် ဖြစ်တယ်ဆိုတာကို သက်ဝင်ယုံကြည်ပါ။

( self-confidence အားနည်းနေတဲ့ တရုတ်လူမျိုး သူငယ်ချင်းတစ်ယောက်အတွက် အင်္ဂလိပ်လို ရှာပေးရင်းကနေ မြန်မာလို ပြန်ဖြစ်သွားတာပါ။ စိတ်ဓါတ်ကျတဲ့သူတွေအတွက် စိတ်အင်အားပေးတဲ့စာလေးတွေ ရှာရှာပေးရတာ ဝါသနာပါပဲ။ မြန်မာဘာသာပြန်ထားတဲ့ဆောင်းပါး တစ်ခုကိုကြိုက်လို့ မူရင်း တရုတ်စာနဲ့ ရေးထားတဲ့ ဆောင်းပါးကို အင်တာနက်မှာ ပြန်ရှာပြီး ကိုယ်က တရုတ်စာမတတ်တော့ google မှာ အင်္ဂလိပ်လို ဘာသာပြန်ကြည့်ပြီးတော့တောင် ရှာရှာဖွေဖွေ ပေးဖတ်တဲ့အထိ ဝါသနာကြီးတယ်)

Friday, November 13, 2009

အလွဲများ

လူနှစ်ယောက်ကြားထဲမှာ ကတိတစ်ခု ၊ သဘောတူညီမှု တစ်ခုကို နှစ်ဦးသဘောတူ ထားကြတာဟာ ... ဘာနဲ့  တူလဲဆိုတော့ ... သားရေကြိုးတစ်ချောင်းကို တင်းနေအောင် တစ်ဖက်တစ်ချက်ဆီကနေ ကိုယ်စီဆွဲထားရသလိုပါပဲ ။ တစ်ဖက်က လွှတ်လိုက်တာနဲ့  အခြားတစ်ဖက်မှာ ထိခိုက်နစ်နာရပါတယ် ။ (ကြည့်ဖူးတဲ့ ရုပ်ရှင်ကားထဲက သဘောကျလို့  စွဲသွားတဲ့ စကားလေး တစ်ခွန်းပါ)။

အပြင်လောကထဲမှာလည်း လူတွေ တစ်ဦးနဲ့ တစ်ဦး ချည်နှောင်ရစမြဲပါပဲ။ ချစ်သူ ဘဝအဖော်မွန်တွေမှ မဟုတ်ပါဘူး။ လုပ်ဖော်ကိုင်ဖက်၊ သူငယ်ချင်း စတာမျိုးတွေပေါ့။

ဘဝအတွက်အဖော်ဆိုတာ ကိုယ်ဘဝထဲမှာ စိတ်မော လူမော ဖြစ်လာတဲ့အခါ စိတ်ချ လက်ချ နားခိုဖို့ အေးမြတဲ့ အရိပ် တစ်ခုပဲ ဖြစ်သင့်ပါတယ်။ စစ်တုရင် ကစားသလို တဖက်ကနေ ဘာကောင်ကို စားရဖို့  ဘာချကျွေးမယ်ဆိုတဲ့ တိုက်ကွက်တွေနဲ့ ၊ အတွက်တွေ အချက်တွေနဲ့  လက်တွဲနိုင်တဲ့ တချို့ လူတွေရဲ့ ဗျူဟာတွေကို နားမလည်နိုင်သေးဘူး။ ဒါဟာ ရိုးသားတာလား တုံးအတာလားလို့  ပြန်မေးရလောက်အောင် လူတွေကြားထဲမှာ ကိုယ် လွဲလွဲနေတတ်တယ်။


အလုပ်သဘောအရ Nice to meet you! Glad to see you! ဆိုပြီး လက်ဆွဲနှုတ်ဆက်ကြရပေမယ့်
Meeting Room ထဲရောက်မှ လက်ညှိုးထိုးပြီး တစ်ယောက်နဲ့ တစ်ယောက် နစ်နစ်နာနာပြောကြရတဲ့ ၊
သူ့ အပြစ်ကို ဖော်မှ ကိုယ့် အပြစ်ကို လွတ်အောင် ရှင်းနိုင်ကြရတဲ့ ဒီ အလုပ် အသိုင်းအဝိုင်းကြီးတွေနဲ့ လည်း
ကျင့်သား မရသေးဘူး။ မနက်မှာ ပက်ပက်စက်စက်ပြောပြီး နေ့ ခင်းကျ ပြန်ရယ်ပြတတ်တဲ့ ဒီလောက် အပြောင်းအလဲမြန်တဲ့ လူတွေလောက်လည်း ကိုယ်ဟာ အလွယ်တကူ လိုက်မပြောင်းလဲနိုင်လောက်အောင် အကြောတင်းနေတုန်းပဲ။

ငယ်ငယ်က ကိုယ်ဖတ်ခဲ့တဲ့ စာအုပ်တွေထဲက ကိုယ်ကြိုက်ရာကို ကိုယ် ကျင့်သုံးခဲ့တယ်။
"ဆိုခဲစေ မြဲစေ" ၊ "ကြမ်းကျွံရင် နှုတ်လို့ ရတယ်..စကားကျွှံရင် နှုတ်လို့ မရဘူး"
ဒါကြောင့် စကားပြောတဲ့အခါတိုင်း ကိုယ် စဉ်းစားတယ်။ တော်ရုံတန်ရုံ မကျေနပ်တာမျိုးဆိုလည်း ကိုယ် တော်တော်နဲ့  ထုတ်မပြောတတ်ခဲ့ဘူး။
ဒါပေမယ့် ခု ဒီ စင်ကာပူကြီးမှာတော့ စင်ကာပူလူမျိုးတွေဟာ အလွန်ကို ပါးစပ်က နည်းနည်းလေးမှားတာနဲ့ ထုတ်ထုတ်ပြောတတ်ကြတဲ့
complain အရမ်းတက်တတ်တဲ့ လူမျိုးတွေလို့ ပဲ ကိုယ်မြင်တယ်။
ဒီရောက်လို့ စင်ကာပူမှာ နေသားကျသွားတဲ့ မြန်မာတွေလည်း အဲ့ဒီလို ပုံစံတွေ ဖြစ်ကုန်ကြတယ်။
လွယ်လွယ်နဲ့ ထုတ်ပြောတယ်။ စိတ်မကျေနပ်တာကို သူ့ တို့ စိတ်ထဲ ဘာမှ မထားဘူး။

ကိုယ်ကျင့်သုံးတဲ့ တော်ရုံထုတ်မပြောတတ်တဲ့ အကျင့်ကျပြန်တော့လည်း
သည်းခံ သည်းခံရင်း သည်းမခံနိုင်တဲ့ အဆုံး မြုံနေတဲ့ မီးတောင်ကြီးလို ဖြစ်နေတာလည်း မကောင်းပြန်ဘူး။
ပါးစပ်က ထုတ်ပြောတဲ့ အချိန်မှာတော့ ကိုယ်ဟာ အဲ့ဒီလူကို တော်တော်ကြီး စိတ်ကုန်တဲ့ အဆင့်ကို ရောက်နေခဲ့တယ်။

လေယူရာကို ပေါ့ပေါ့ပါးပါး အလိုက်သင့် တိမ်းယိမ်းတတ်တဲ့ ဝါးပင်လို ၊ အုန်းပင်လို ကျင့်သင့်မှန်းသိပေမယ့်
ပြောင်းလဲလို့ မရတဲ့ အဲ့ဒီ အကျင့်တွေကို ဘယ်လို လုပ်ရမလဲ။

"ဆိုခဲစေ မြဲစေ" ၊ "ကြမ်းကျွံရင် နှုတ်လို့ ရတယ်..စကားကျွှံရင် နှုတ်လို့ မရဘူး"...ဒီစကားပုံတွေကို ပြောင်းပြန်လှန်ပြီး စကားကို ပေါ့ပေါ့လေး ပါးပါးလေး ပြောင်းပြောသင့်ပြီလား။ အဲ့လို ပြောင်းလဲဖို့ ကိုလည်း ကိုယ့်ကိုယ်ကို စိတ်ထဲမှာ တန်ဖိုးတစ်ခု ကျသွားသလို ခံစားရတယ်။

ကိုယ် လွဲတယ်။ လူတွေနဲ့  ခဏခဏလွဲတယ်။ ဒါပေမယ့် ကိုယ့်လို လွဲနေတဲ့သူတွေ အခါအခွင့်သင့်လို့ ကြုံရ တွေ့ ရရင် အဖော်ရှိတယ်ဆိုပြီး ဝမ်းသာသလိုလိုတော့ ရှိသား။

Wednesday, October 28, 2009

ပန်းချီကား

ပန်းချီကား တစ်ချပ်ပါပဲ
တချို့  အမြင်မှာ လှချင်လှနေလိမ့်မယ်

ပန်းချီကား တစ်ချပ်ပါပဲ
တချို့ တွေ မျက်ရည်ကျချင်ကျနေလိမ့်မယ်

Canvas အဖြူပေါ်မှာ ပန်းချီဆရာကတော့
သူ့ စိတ်တိုင်းကျ ရေးဆွဲသွားခဲ့တာပဲ

ဆေးရောင်စုံကို စိတ်ရောင်စုံက
အမြင်ပေါင်းစုံနဲ့ သတ်မှတ်ကြတဲ့အခါ...

အမှားတွေတောင် harmony ဖြစ်ရင်
ကမ္ဘာကြီး လုံးတယ်လို့  စပြောခဲ့တဲ့ သူကိုတောင်
လူတွေ ဝိုင်းလှောင်ခဲ့ကြသေးတာပဲ

အကယ်၍ နယ်မြေ အသစ် မတွေ့ ခဲ့ရင်
ကိုလံဘတ်တောင် လမ်းသလားနေတယ်လို့ 
တချို့  ပြောကောင်းပြောခဲ့လိမ့်မယ်

ဒီ ပန်းချီကား ငါ ခံစားလို့ မရခဲ့ဘူးဟာ

Tuesday, October 27, 2009

ရှင်းပြနေဖို့ လိုသလား

ဘာကြောင့်လဲဆိုတော့...
ကိုယ့်ကို နှစ်ခြိုက်လိုလားတဲ့သူတွေ အတွက် ဒါဟာ မလိုအပ်ဘူးလေ
နောက်ပြီး ကိုယ့်ကို မလိုတဲ့သူ ၊ မနှစ်ခြိုက်တဲ့သူဆိုလည်း ကိုယ့်ရှင်းပြတာကို
ယုံမှာမှ မဟုတ်တာ